ကုမ္ပဏီ မအောင်မြင်ရခြင်း အကြောင်းရင်းများ



အများအားဖြင့် အခွင့်မသာတဲ့ စီးပွားရေး ရာသီဥတု (Unfavourable Business Climate) ခြေအနေတွေ၊  ငွေကြေးစရိတ် မြင့်မားတာတွေ (High Financial Costs)နဲ့ အရောင်းထိုင်းတဲ့ ဈေးကွက် (Depressed Market) တွေဟာ ကုမ္ပဏီ အတော်များများကို  စီးပွားရေး ကျဆင်းအောင် လျင်လျင်မြန်မြန် တွန်းပို့တဲ့ သော့ချက် အကြောင်းရင်းတွေ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြပါတယ်။ ဒါပေမယ့်  စီးပွားရေး မအောင်မြင်မှု အတော်များများရဲ့ ဇစ်မြစ်ဟာ စီမံခန့်ခွဲရေးညံ့ဖျင်းမှု (Poor Management) မှာ မြစ်ဖျားခံလေ့ ရှိပါတယ်။ မအောင်မြင်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများရဲ့ ပါဝင်မှု ရာခိုင်နှုန်းဟာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဖြစ်ပါတယ်လို့  အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့  Dun and Bradstreetရဲ့  လေ့လာချက်တစ်ရပ်က ဆိုပါတယ်။



မအောင်မြင်မှု အကြောင်းရင်းများ                      ပါဝင်မှုရာခိုင်နှုန်း

စီမံခန့်ခွဲရေးမကျွမ်းကျင်မှု                                     ၉၃.၁

လျစ်လျူရှုမှု                                                          ၂.ဝ

မရိုးသားမှု                                                            ၁.၅

ဘေးဒုက္ခကျရောက်မှု                                            ၀.၉

တိတိကျကျမသိရသောအကြောင်းရင်းများ             ၂.၅

ပေါင်း                                                               ၁၀၀.ဝ

စီမံခန့်ခွဲရေးပိုင်းမှာ အရည်အသွေး မပြည့်ဝရတာဟာ စီမံခန့်ခွဲမှုကို လုံလုံလောက်လောက် ထိထိရောက်ရောက် မလုပ်တာတွေ ဘုတ်အဖွဲ့က  စိတ်ဝင်တစား ပါဝင်လုပ်ကိုင်မှု မရှိတာတွေနဲ့ လုပ်ဆောင်ချက်များ အားနည်းတာတွေ အပေါ်မှာ အခြေခံ ပေါ်ပေါက်တာ ဖြစ်ပါတယ်။  စီးပွားရေး ဖွဲ့ဖြိုး တိုးတက်မှုအတွက် စီမံချက် မရှိတာတွေ ထုတ်ကုန်အမျိုးမျိုးကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာတွေ စီးပွားရေး  ပတ်ဝန်းကျင် ပြောင်းလံမှုနဲ့ လိုက်လျောညီထွေ မရှိတာတွေကိုလည်း  ကုမ္ပဏီတွေမှာ မကြာခဏ တွေ့မြင် ရတတ်ပါတယ်။

သတိပေးသည့် နိမိတ်လက္ခဏာများ

မအောင်မြင်တဲ့ ကုမ္ပဏီ အတော်များများဟာ ကျရောက်အံ့ဆဲဆဲဖြစ်တဲ့ အန္တရာယ်နဲ့ ပက်သက်တဲ့ သတိပေးချက်တွေကို ပျက်စီး ပိုကွဲမသွားမီ ကြိုကြိုတင်တင် အလုံအလောက် ရလေ့ရှိကြပါတယ်။ ကုမ္ပဏီကို ခွဲခြမ်းစိတ်ဖြာ စိစစ်သူဟာ  ကုစားမှုလုပ်ငန်း (Remedial Action)တွေ လုပ်ဖို့ ဒီလက္ခဏာတွေကို အချိန်မီ သိထားဖို့လိုပါတယ်။ အန္တရာယ် သတိပေးချက် နိမိတ်အမျိုးအစားကို အုပ်စုနှစ်စု ခွဲနိုင်ပါတယ်။ တစ်ခုက လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ (Operational) သတိပေး နိမိတ်များဖြစ်ပြီး တစ်ခုက စာရင်းဆိုင်ရာ သတိပေးနိမိတ် (Accounting)များ ဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာနိမိတ်လက္ခဏာများ

လုပ်ငန်းဆောင်ရွက်မှုနဲ့ ပက်သက်တဲ့ နိမိတ်လက္ခဏာတွေကို အောက်မှာ ဖော်ပြထားပါတယ်။

(၁) ကြွေးဝန်ထုပ်ဝန်ပိုးပိနေခြင်း (High Gearing)

ကုမ္ပဏီတစ်ခုဟာ ကြွေးဝန်ထုပ်ဝန်ပိုးနဲ့ ပိနေတဲ့အခါမှာ အကြမ်းအမြတ် အတော်များများကို အတိုးငွေပေးတာမျိုးလို ဘဏ္ဍာရေး စရိတ်တွေမှာ  ကျခံ သုံးစွဲကြရပါတယ် ။ ဒီအနေအထားမျိုးမှာ အေ၇ာင်းအ၀ယ် အခြေအနေတွေ အတက်အကျ ဖြစ်လာနိုင်သလို မြီရှင်တွေက ကြွေးဆပ်ပေးဖို့ စေတနာ ထားတာတွေလည်း လျော့လာနိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီကို ထိခိုက် နစ်နာ စေနိုင်ပါတယ်။

(၂) ဆက်တိုက်အရှုံးပေါ်မှုသမိုင်းရှိခြင်း (History of Continuing Losses)

ဆက်တိုက် အရှုံးပေါ်တဲ့ သမိုင်းကြောင်းရှိတဲ့ ကုမ္ပဏီဟာ ကုမ္ပဏီကြီးတွေ ဖြစ်ရင်တော့ မြီရှင်တွေက ထောက်ထား ညှာတာပြီး ဆက်ဆံတတ်ကြပေမဲ့ ကုမ္ပဏီငယ်လေးတွေ ဖြစ်ရင်တော့ တစ်နှစ်၊ နှစ်နှစ်လောက် ဆက်တိုက် အရှုံးပေါ်တယ်ဆိုရင်ပဲ မြီရှင်တွေက ကြွေးဆပ်ဖို့ ဖိအားပေး တောင်းဆို လာတတ်ကြပါတယ်။ ဒါကြောင့် ငွေကြေးအကျပ်အတည်း ဖြစ်လာနိုင်ပါတယ်။

(၃) အရင်းအနှီးမလုံမလောက်ဖြစ်ခြင်း (Under-Capitalization)

တစ်ချို့ ကုမ္ပဏီတွေမှာ အရင်းအနှီးဟာ အတော်ဆိုးဆိုးရွားရွား နည်းတတ်ကြပါတယ်။ ဒါကြောင့် လုပ်ငန်း ဆောင်ရွက်ရာမှာ  ငွေကြေး အခက်အခဲ ပြသာနာနဲ့ ရင်ဆိုင် တွေ့ကြုံကြရပါတယ်။ အရင်းအနှီးအလုံ အလောက်ရှိတဲ့ ကုမ္ပဏီတွေမှာတော့ အစုရှယ်ယာရှင်တွေက ကုမ္ပဏီ ကြွေးမတင်ရအောင် အထူးတိုက်တွန်း နှိုးဆော် သတိပေးလေ့ရှိပါတယ်။ ဒါ့ပြင်သူတို့ရဲ့ မူလ ရင်းနှီးမြှုပ်နှံထားငွေတွေကို မထိခိုက်အောင် ကာကွယ်တဲ့ အနေနဲ့ လိုအပ်တဲ့ အခါတွေမှာလဲ အရင်းအနှီးတွေ ထပ်ဖြည့် ပေးတတ်ကြပါတယ်။ သူတို့ရဲ့ အရင်းအနှီးတွေ  လျော့ကျမသွားအောင် ၀ိုင်းထိန်းကြတဲ့ သဘောဖြစ်ပါတယ်။ အရင်းအနှီးနဲတဲ့ ကုမ္ပဏီတွေကတော့ ပိုင်ရှင်တွေကို  အဲဒီလို ဆွဲဆောင်နိုင်စွမ်းအား နည်းကြပါတယ်။ ပိုင်ရှင်တွေကလည်း အဲဒီလို ကုမ္ပဏီတွေကျရင် မိမိတို့မှာ ဆုံးရှုံးမှုနဲအောင် ခပ်ကင်းကင်း ခပ်ခွာခွာ နေတတ်ကြတဲ့အတွက်  ကုမ္ပဏီဟာ နောက်ဆုံးမှာ ပျက်စီး ဆုံးရှုံး သွားကြရတတ်ပါတယ်။

(၄) မနိုင်မနင်းကုန်သွယ်ခြင်း(Overtrading)

ကုမ္ပဏီတစ်ခုကို လျင်လျင်မြန်မြန်ကြီး တိုးချဲ့တဲ့အခါမှာ တိုးမြှင့်ကုန်ကျလာတဲ့ ငွေသားတွေ ရဖို့အတွက် ချေးငွေကို ယူကြရပါမယ်။ လုပ်ငန်း တိုးချဲ့မှုပြီးဆုံးသွားတဲ့ အချိန်မှာတော့ အဲဒီချေးငွေတွေ အတွက် စရိတ်စကတွေဟာ ကုမ္ပဏီရဲ့ ငွေသားစီးဆင်းမှု အနေအထားကို တုံ့ဆိုင်း သွားစေတတ်ပါတယ်။

(၅) မာဂျင်လျှော့နည်းကျဆင်းခြင်း(Margin Erosion)

မာဂျင် (အရောင်း ၀င်ငွေနှင့် ရောင်းရကုန်/၀န်ဆောင်မှု တန်ဖိုး၏ ခြားနား ချက်ရာခိုင်နှုန်း) တွေ ဆက်တိုက် လျော့နည်း ကျဆင်းတာမျိုးဟာ  ဈေးကွက်ရှယ်ဟာကို ထိန်းထားနိုင်စွမ်း မရှိဘူးလို့ ညွှန်ပြပါတယ်။ ဒါ့အပြင် နောက်ဆုံးမှာ ကြွေးမဆပ်နိုင်တဲ့ အနေအထားကို  ရောက်လာမှာ ဖြစ်တယ်လို့လဲ ညွှန်ပြပါတယ်။ ဒီလိုအခြေနေမျိုးမှာ ကုမ္ပဏီရဲ့ သီးသန့် ရန်ပုံငွေတွေဟာ တဖြည်းဖြည်း လျော့နည်းလာပြီး ကုမ္ပဏီရေရှည်  ရှင်သန်ရပ်တည်နိုင်မှုကို ထိခိုက်လာမှာ ဖြစ်ပါတယ်။

(၆) စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ခြင်း (The Big Project)

ကုမ္ပဏီတစ်ခုအနေနဲ့ မိမိရဲ့ အနာဂါတ်ကို စီမံကိန်း လုပ်ငန်းကြီး တစ်ခုထဲမှာ စွန့်စား ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ရနိုင်သမျှ အရင်းအမြစ် အားလုံးကို အဲဒီလုပ်ငန်းမှာ ပုံအောထည့်ရတဲ့အတွက် လုပ်ဆောင်ဆဲ လုပ်ငန်းတွေဟာ ကျုံ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံသူတွေက ဒီလို ကုမ္ပဏီမျိုးကို ဂရုထား ကြည့်ရှုတတ်ကြပါတယ်။. ဒါမှမဟုတ် ကုမ္ပဏီကနေ ရှောင်ဖယ်နေတတ်ကြပါတယ်။

(၇) ငွေချေးငှားမှုဆိုင်ရာပြသာနာများ (problem Borrowing)

စီးပွားရေးလုပ်ငန်းမှာ ပုံသေရပိုင်ခွင့် အတော်များများကို ရယူအသုံးပြုရတဲ့အခါမှာ အရင်းကြေကာလဟာ အထူးပဲ ခက်ခက်ခဲခဲ ရှိတတ်ပါတယ်။ ကာလတိုချေးငွေကို ကာလရှည် ရပိုင်ခွင့်တွေနဲ့ တလွဲနှိုင်းယှဉ် ဆက်စပ်ကြည့် မိတဲ့အခါမျိုးမှာလဲ ငွေသားစီးဆင်းမှုကို  အကြီးအကျယ် တုံ့ဆိုင်းသွားစေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ  ငွေချေးငှားတဲ့ ပတ်ဝန်းကျင်ကိုလည်း ဟန့်တား တုံ့ဆိုင်းစေတဲ့အတွက်  ငွေသားစီးဆင်းမှုကို အကြီးအကျယ် ပျက်ပြားယိုယွင်းစေပါတယ်။

(၈) ၀န်ဆောင်မှုစံကျဆင်းခြင်း (Decline In Service Standard)

ဘဏ္ဍာရေး ကသီလင်တရောက်နေချိန်မှာ ကုမ္ပဏီတွေဟာ အသုံးစရိတ်တွေလျော့ချဖို့ အာရုံစိုက်လာတတ်ပါတယ်။  ၀န်ဆောင်မှုစံတွေကိုလည်း လျော့ချလာတတ်ပါတယ်။ ဒီအခါမှာ ကုမ္ပဏီရဲ့ ထုတ်ကုန် အရည်အသွေးတွေလည်း ကျဆင်းလာပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ  အရောင်းဈေးကွက်တွေ ဆုံးရှုံးသွားတတ်တဲ့အတွက် ဈေးကွက်အသစ်ရှာရတဲ့ ဒုက္ခတွေလည်း ထပ်ဆောင်းတိုးလာတတ်ပါတယ်။

(၉) အလွယ်ရငွေများပြားခြင်း(Too Much ‘Easy’ Money)

ကုမ္ပဏီကြီးတွေအတွက် ငွေအမြောက်အများကို ရအောင်လုပ်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလို အလွယ်ရတဲ့ ငွေတွေဟာ  အနာဂတ် ငွေသားစီးဆင်းမှုကို သေတွင်းထဲသို့ လွှဲရှောင်လို့မရအောင် တွန်းပို့တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အလွယ်ရတဲ့ ငွေတွေကို  မရေရာ မသေချာတဲ့ နေ၇ာတွေမှာ ပေါ့ပေါ့တန်တန်နဲ့ ရင်းနှီး မြှုပ်နှံတတ်ကြတာကြောင့်ဖြစ်ပါတယ်။ ဒါမှမဟုတ်အရင်းကြေကာလအလားအလာ ကို သေသေချာချာဝေဖန်ဆန်းစစ်ခြင်းမပြုဘဲ  သုံးစွဲပစ်လိုက်တတ်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ကာလတိုအမြတ်ရဖိုးအတွက် ကာလရှည်ရှင်သန်ရပ်တည်နိုင်ဖို့ကို ဖြုန်းတီးပစ်တဲ့သာဓကဖြစ်ပါတယ်။

စာရင်းဆိုင်ရာနမိတ်လက္ခဏာများ

စာရင်းဆိုင်ရာ နမိတ်လက္ခဏာတွေကို အောက်မှာ ဖော်ပြထားပါတယ်။

(၁)ဘဏ္ဍာရေးအချိုးများ(Financial Ratio)

အမြဲလို စောင့်ကြည့်ဖို့လိုတဲ့ အရေးကြီးတဲ့ အချိုး အတော်များများတွေထဲမှာ လက်ငင်းအချိုး၊ လက်ငင်း ရပိုင်ခွင့်မဟုတ်တဲ့ ပိုင်ဆိုင်ပစ္စည်းနဲ့ လက်ငင်းရပိုင်ခွင့်ရှိတဲ့ ပိုင်ဆိုင်ပစ္စည်းအချိုး ၊ ရရန်ရှိစာရင်း ကောက်ခံကာလနဲ့ ပေးရန်ရှိစာရင်း သက်တမ်းကြာမြင့်မှုတို့ ပါဝင်ပါတယ်။ ဘဏ္ဍာရေး အချိုးတွေဟာ အသုံးဝင်တဲ့ လက်နက်ကရိယာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိုးတွေဟာ မမှားနိုင်တဲ့ အချိုးတွေတော့ မဟုတ်ပါဘူး။ အဲဒီအချိုးတွေကို အသုံးချတဲ့အခါမှာ သူတို့မှာရှိတဲ့အကန့်အသတ် တွေကို သတိထားရပါမယ်။ လုပ်ငန်းတစ်ခုမှာ ချမှတ်ထားတဲ့ “စံ”တစ်ခုဟာ အခြားလုပ်ငန်းတစ်ခုမှာ ဘေးဒုက္ခ ဖြစ်နိုင်ပါတယ။် အချိုးတွေပြည့်စုံမှန်ကန်တဲ့ အချက်အလက်တွေပေါ်မှာ အခြေပြုရပါတယ်။ အတိကျ မမှန်ကန်တဲ့ ဘဏ္ဍာရေး အချက်အလက်တွေဟာ အချိုးများကို ကမောက်ကမဖြစ် သွားစေနိုင်တဲ့ အတွက်၊ ကောက်ချက်ဆွဲတာတွေဟာလဲ တလွဲဖြစ်သွားနိုင်ပါတယ်။

(၂) ငွေသားစီးဆင်းမှုကိုကြိုတင်ခန့်မှန်းထားမှုမရှိခြင်း( Lack of Cashflow Forecasing)

ငွေသားစီးဆင်းမှု ကြိုတင်ခန့်မှန်းခြေကို ရေးဆွဲမထားတဲ့ ကုမ္ပဏီဟာ မလွဲမသွေဒုက္ခနဲ့ ထိပ်တိုက်တွေ့ ကြုံရမှာဖြစ်ပါတယ်။ ငွေသားဘက်ဂျက် မရှိဘူးဆိုရင် အဲဒီ ကုမ္ပဏီက စီမံခန့်ခွဲရေးပိုင်းဟာ အနာဂတ်ငွေသား လိုအပ်ချက်ကို မသိသူတွေဖြစ်တယ်။ မိမိရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်ကို ဥိးတည်သွားနေတယ် ဆိုတာကို လည်း မသိသူတွေဖြစ်တယ်။ အနာဂတ်ကာလအတွက် စီမံချက် ချမှတ်မထားတဲ့ သူတွေလဲ ဖြစ်တယ်လို့ ညွှန်ပြပါတယ်။ လုပ်ငန်းအတွက ငွေသားမည်၍မည်မျှ လိုငွေပြနေတယ်။ (Cash Deficiancies) ဆိုတာကို စီမံချက် ချတဲ့အဆင့်မှာ ကတည်းက ကြိုတင်ခန့်မှန်းထားဖို့ လိုပါတယ်။ ဒါမှသာ ပြသာနာ ပေါ်လာတာနဲ့ တစ်ပြိုင်နက် မြန်မြန်ဆန်ဆန် ပြန်လည်တုံ့ပြန် အရေးယူနိုင်မှာ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် စီမံချက်ဟာ စီးပွားရေးလုပ်ငန်းရဲ့ လိုအပ်ချက်တွေ၊ ဈေးကွက်လိုအပ်ချက်တွေနဲ့ ဆက်စပ်မှုမရှိတဲ့ လက်တွေ့မကျတဲ့ လုပ်ရပ်လို့ တစ်ခါတစ်ရံမှာ တစ်လွဲအထင် ခံရတတ်ပေးမဲ့ စိမံချက်ကိုချ ထားဖို့ တကယ်ကို လိုအပ်ပါတယ်။ စီးပွားရေး အတက်အကျ မြန်နေတဲ့ ကာလတွေမှာ အထူးကို လိုအပ်ပါတယ်။ စီမံချက်ဟာ အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ အမိအရ ဖမ်းဆုတ်ကိုင်နိုင်ဖို့ စီမံခန့်ခွဲသူတွေကို အကူအညီပေးပါတယ်။ အဲဒီအခွင့်အလမ်းတွေကနေ အကျိုးအမြတ်တွေ ဖြစ်ထွန်းလာအောင် အရင်းအမြစ်တွေကို စီမံအသုံးချတတ်ဖို့လည်း အကူအညီပေးပါတယ်။ ဘောဂဗေဒနဲ့ စီးပွားရေး အခြေအနေကို အကဲဖြတ်ဖို့နဲ့ ပြသာနာကို ခွဲခြမ်းစိတ်ဖြာ ကြည့်ဖို့အတွက် စီမံချက်ဟာ အခြေခံဖြစ်ပါတယ်။ ဒါကြောင့်မို့ စီမံချက်ကို အကျိုးဖြစ်ထွန်းအောင် အသုံးချတတ်မယ်ဆိုရင် ကုမ္ပဏီ ပျက်သုဉ်းစေနိုင်တဲ့  ပြသာနာများများကို  အချိန်မီ ဖြေရှင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

 management

0 comments:

Post a Comment