ကျေးဇူးနှင့် ပြစ်မှားမိခြင်း



လူသားအားလုံးသည် ဘဝသံသရာ စက်ဝိုင်းဖြစ်သည့် သတ္တလောက၌ ကျင်လည်နေကြရသည့် ကာလမှာ ကမ္ဘာပေါင်း အသင်္ချေအနန္တ ကြာမြင့်ခဲ့ကြပြီ ဖြစ်ပါတယ်။  သံသရာ၌ ကျင်လည်ခဲ့ကြရာ၌ မိမိနှင့် ဆွေမျိုး မတော်စပ်ခဲ့ဖူးသူ မရှိဟု ဘုရားရှင်က ဆုံးမခဲ့ပါတယ်။ အားလုံးသည် ဆွေမျိုးတော်စပ်ခဲ့၍ တစ်ဦးနှင့်တစ်ဦး 'ကျေးဇူး' ဟူသော အထောက်အပံ့ မကင်းကြသူများသာ ဖြစ်ကြပါတယ်။ သို့ဖြစ်ပါ၍ တစ်ဦးနှင့် တစ်ဦး မေတ္တာဓာတ် အဟုန်နှင့် အပြန်အလှန် ကူညီစောင့်ရှောက် သွားကြရမှာ ဖြစ်ပါတယ်။
အပြန်အလှန် ကျေးဇူးရှိခဲ့ ကြဖူးသူများသာ မေတ္တာဓာတ်ကင်းမဲ့၍ အနိုင်ယူခြင်း၊ အပြစ်တင်ခြင်း၊ ခိုက်ရန်ဒေါသ ဖြစ်ခြင်း
၊ သတ်ဖြတ်ခြင်း စသည်တို့သည် ကျေးဇူးရှင်အား ပြစ်မှားမိခြင်းသာ ဖြစ်ပါတယ်။ ကျေးဇူးရှိသူအား ပြစ်မှားမိပါက ကိုယ်ပြုလုပ်သည့် အကုသိုလ်ကံအလိုက် တူညီသောအကျိုးကို ပြန်ခံကြရမှာ ဖြစ်ပါတယ်။ အကုသိုလ်အား အနည်း၊ အများအလိုက် ဒဏ် (၁၀) ပါးကို ခံကြရမှာဖြစ်ပါတယ်။



 ထပ်မံဖော်ပြရပါက 'သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သေကငရဲ ကမ္ဘာစွဲ၏'။ ထို့အပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိရေးအတွက် အပိတ်အပင် အတားအဆီး ဖြစ်နိုင်ပါသည်။ ပြစ်မှားခြင်း၏ တန်ပြန်အကျိုးသည် လောကီစည်းစိမ်များ ပျက်စီးခြင်းသာမက ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး ခရီးပန်းတိုင် ဖြစ်သည့် နိဗ္ဗာန်ရရှိရေးအတွက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကျင့်ကြံပွားများ အားထုတ်မှုကို တားဆီးခံရမှာ ဖြစ်ပါတယ်။ ကျေးဇူးရှင် ခင်ပွန်းကြီး (၁၀) ပါးအပေါ် ပြစ်မှားမိပါက ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် သဗ္ဗညုတ ဉာဏ်တော်ကြီးအား ရရှိသည့် ဘုရားစင်စစ် ဧကန်ဖြစ်သည့် ဘဝထိတိုင် ပြစ်မှားမိခဲ့သည့် အကုသိုလ်ဝဋ်ကြွေးအား ပြန်လည် ခံခဲ့ရပါတယ်။ ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်စဉ်ကာလ 'မုလိနာ' အမည်ရသည့် တစ်ခုသောဘဝတွင် ပစ္စေကဗုဒ္ဓါတစ်ပါးအား ပြစ်မှားမိခဲ့ပါတယ်။
 မုလိနာသည် အရက်သောက်နေစဉ် အချိန်မှာ ပစ္စေကဗုဒ္ဓါသည် သင်္ကန်းရုံနေတာကို တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပစ္စေကဗုဒ္ဓါရဲ့ဘေးမှနေ၍ ဒကာမတစ်ယောက် ဖြတ်လျှောက် သွားတာကိုလည်း မြင်လိုက်တယ်။ တိုက်ဆိုင်မှုတစ်ခုကို အတွေးထဲမှာ အမှားထင်ပြီး စွပ်စွဲပြောဆိုမိခဲ့တယ်။ အရက်မူးနေစဉ် ကာလမှာ အရိယာသူတော်စင်မြတ်ဖြစ်တဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ကြည်ညိုမေတ္တာ ကင်းမဲ့စွာနှင့် ပြစ်မှားပြောဆိုမိခဲ့တဲ့ ကံအရှိန်အဟုန်သည် နောင်ဘဝမှာ ငရဲကျခဲ့ရပါတယ်။ အဲဒါအပြင် ဘဝအဆက်ဆက် ကျူးလွန်ပြစ်မှားမိခဲ့တဲ့ ကံ၏အကျိုးပေးသည် နောက်ဆုံးဘဝဖြစ်တဲ့ ဘုရားအဖြစ်ကို ရောက်တဲ့အချိန်ထိ စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော် အချိန်အခါက အိန္ဒိယနိုင်ငံ၊ သာဝတ္ထိမြို့၌ ဘုရားရှင် ဒေသစာရီကြွမလာခင်အထိ ဂိုဏ်း (၆) ဂိုဏ်းမှ ပုဂ္ဂိုလ်များသည် ဆရာအဆူဆူအဖြစ် လာဘ်လာဘ ပေါများခဲ့ကြပါတယ်။ တိုင်းသူပြည်သားများသည် ဘုရားရှင်ကြွရောက်၍ ဗုဒ္ဓ၏ အဆုံးအမ တရားများကို နာကြားရတဲ့ အခါမှာ တရားစစ်၊ တရားမှန် သိရှိလာကြပါတယ်။

 လမ်းမှန်ကို သိရှိပြီး ဂိုဏ်း (၆) ဂိုဏ်းက ဆရာတွေဆီ မဆည်းကပ်တော့တဲ့အတွက် လာဘ်လာဘ ရှားပါးကုန်ကြပါတယ်။ အဲဒါကြောင့် ဂိုဏ်းဆရာတွေက ဗုဒ္ဓဘုရားရှင်ကို မနာလို အမုန်းပွားကြပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်ကြပါတယ်။ ဘုရားရှင်က မေတ္တာဓာတ်အပြည့်နဲ့ ဒကာတချို့ကို “သင်သည် ဘယ်ဂိုဏ်းဂဏရဲ့ ကြီးမားစွာ ထောက်ပံ့သူဖြစ်တဲ့အတွက် ဆက်လက်ပြီး လှူဒါန်းပါ” လို့ တိုက်တွန်းပြောဆိုပြီး ပြန်လွှတ်တယ်။ ဂိုဏ်း (၆) ဂိုဏ်းကတော့ ဘုရားရှင်ထံ မသွားဖို့ ပိတ်ပင်ကြတယ်။ ဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက် မေတ္တာဓာတ်ကြီးမားတဲ့ ဘုရားရှင်ကို ပိုပြီးကြည်ညို ဆည်းကပ်လာကြတယ်။ ဂိုဏ်း (၆) ဂိုဏ်းက လာဘ်လာဘ ရှားပါးလာတဲ့အတွက် ဘုရားရှင်ကို နာမည်ဖျက်ဖို့ ကြံစည်ကြပါတယ်။ သူတို့ရဲ့ တပည့်မတွေထဲက ရုပ်ဆင်းအင်္ဂါ လှပပြည့်စုံတဲ့ သုန္ဒရီအမည်ရှိတဲ့ ပရိဗိုဇ်မလေးကို ဝိုင်းဝန်းသင်ကြား စေခိုင်းကြတယ်။ ညနေပိုင်း မှောင်ရီပျိုးချိန်မှာ သုန္ဒရီအား အလှအပခြယ်မှုန်း၍ ဘုရားရှင်ရဲ့ ကျောင်းတော်ကို လူအများမြင်သာအောင် ဝင်သွားစေတယ်။
 မနက်လင်းစအချိန်မှာ ဘုရားကျောင်းတော်မှ ပြန်ထွက်စေတယ်။ အဝင်အထွက်မှာ တရားနာပရိသတ်နှင့် ဆွမ်းပို့သူတွေက မျက်နှာချင်းဆိုင်တွေ့လို့ ဘယ်သွားမှာလဲ၊ ဘယ်ကပြန်လာတာလဲလို့ မေးတဲ့အချိန်မှာလည်း 'ကိုယ့်ကိစ္စ မဟုတ်တဲ့အတွက် မသိချင်ပါနဲ့' လို့ ဖြေခိုင်းတယ်။

တစ်လလောက်ကြာအောင် အဝင်၊ အထွက် ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ မေးမြန်းလာတဲ့ သူတွေကို ဂေါတမနှင့် သွားအိပ်တာလို့ ဖြေကြားလိုက်တယ်။ တစ်ပတ်လောက် ကြာတဲ့အချိန်မှာတော့ သုန္ဒရီ ပျောက်သွားတယ်။ ဂိုဏ်းဆရာတွေက လူပျောက်ကြော်ငြာပြီး ဘုရားရှင်ရဲ့ ကျောင်းတော်ကို လာပြီးရှာကြတယ်။ သာဝတ္ထိမြို့သည် လူဦးရေ ၇ ကုဋေခန့်ရှိပြီး ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ကြည်ညိုကြတဲ့အတွက် မြို့သူမြို့သား ၅ ကုဋေခန့်သည် တရားနာ၊ ဆွမ်းပို့ ပန်းလှူဒါန်းခြင်း ကိစ္စများနှင့် နေ့စဉ်အဝင်အထွက် ရှိပါတယ်။ ကျောင်းတော်ကြီးသည်လည်း များစွာ ကျယ်ဝန်းတဲ့အပြင် နေ့စဉ် ဒကာ ၇ ကုဋေခန့် လာရောက်လှူဒါန်းသည့် ပန်းတွေ စွန့်ပစ်ရန်အတွက် ကျောင်းဘေးမှာ မြောင်းအကျယ်ကြီးတူးပြီး စွန့်ပစ်ရပါတယ်။

 သုန္ဒရီပျောက်လို့ ရှာတဲ့သူတွေသည် ဘုရားရှင်ရဲ့ ကျောင်းဘေးက ပန်းတွေစွန့်ပစ်တဲ့ မြောင်းထဲမှာ အလောင်းကို ရှာတွေ့တယ်။ အဲဒီသုန္ဒရီရဲ့ အလောင်းကိုထမ်းပြီး မြို့ကိုပတ်၍ “ဂေါတမက မတရားလုပ်တယ်၊ သူ့ရဲ့ သားတွေက သုန္ဒရီကို သတ်ပစ်ကြတယ်” လို့ အော်ဟစ်ပြီး မတရား စွပ်စွဲကြပါတယ်။ အကျိုးအကြောင်း သေချာမသိတဲ့ ပုထုဇဉ်တွေက ယုံကြည်ကြတယ်။ ရဟန်းသံဃာတွေ ဆွမ်းခံကြွတဲ့အချိန် ကြားသိရသမျှကို ဘုရားရှင်အား ပြန်လည်လျှောက်တင် ကြပါတယ်။ ဗုဒ္ဓဘုရားရှင်သည် ဘဝများစွာ အတိတ်ကို ပြန်မြင်နိုင်တဲ့သူ ဖြစ်တဲ့အတွက် အေးချမ်းစွာပဲ သီတင်းသုံး နေနိုင်ပါတယ်။ ပြီးတော့မှ ရဟန်းသံဃာတို့အား ပြည်သူပြည်သားများကို ပြန်ပြောနိုင်ရန် အတွက် “အကြင်ပုဂ္ဂိုလ်သည် ကိုယ်ကိုယ်တိုင် မမြင်ဘဲ၊ မကြားဘဲနှင့် မြင်သယောင်၊ ကြားသယောင် စွပ်စွဲပြောဆို၏၊ ကိုယ်ကိုယ်တိုင် မကောင်းမှုပြုပြီးတော့ မပြုဘူးဟု ပြောဆို၏၊ ထိုနှစ်ဦးသားတို့သည် ငရဲသို့ လားရမည်ဖြစ်၏” ဆိုတဲ့ ဓမ္မဓိဋ္ဌာန် စကားကို မိန့်ဆိုကြပါလို့ သင်ကြားပေးခဲ့ပါတယ်။

 လူတွေက ကျိန်စာလို့ထင်ပြီး မိမိမမြင်၊ မကြားဘဲ တစ်ဆင့်စကားနဲ့ ကြားတဲ့စကား ပြောမိတာကို ရပ်လိုက်ကြတယ်။ သုန္ဒရီ အသတ်ခံရတဲ့ အမှုအတွက် အုပ်ချုပ်သူ ရှင်ဘုရင်က စုံစမ်းထောက်လှမ်းဖို့ လွှတ်ထားတယ်။ တစ်ပတ်ခန့်အကြာမှာ သေရည်ဆိုင်တစ်ဆိုင်၌ အမူးသမားနှစ်ယောက် စကားများ ရန်ဖြစ်ရာကနေ အဖြစ်မှန် ပေါ်ပေါက်လာတယ်။ မူးနေတဲ့အချိန်မှာ တစ်ဦးက ကျန်တစ်ဦးကို “မင်းဟာ ငွေငါးရာ ရတဲ့အတွက် သုန္ဒရီကို တစ်ချက်တည်းနဲ့ ရိုက်သတ်တဲ့လူမိုက်” လို့ ပြောတဲ့စကားကို ကြားသိရတယ်။ သူတို့နှစ်ဦးကို ခေါ်ယူစစ်ဆေးတဲ့ အခါမှာ ဂိုဏ်းဆရာတွေက ငွေငါးရာပေးပြီး လူမိုက်ငှား၍ ကိုယ့်တပည့်ကို ပြန်သတ်၍ ဘုရားရှင်အား အကြည်ညို ပျက်စေရန် လုပ်ကြံဖန်တီး ခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ရှင်ဘုရင်က ဂိုဏ်းဆရာတွေကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ မဟုတ်မမှန် စွပ်စွဲပြောဆို ကဲ့ရဲ့ခြင်းခံခဲ့ရသည့် နောက်ပိုင်း၌ ဗုဒ္ဓဘုရားရှင်အား ပိုမိုကြည်ညို လာကြတဲ့အတွက် ဘုရားရှင်၏ ကျောင်းတော်သည် ပိုမို၍ စည်ကားလာခဲ့ပါတယ်။

 ဘုရားရှင်အဖြစ် လောကသုံးပါး၌ အမြတ်ဆုံး၊ လက္ခဏာတော် (၃၂) ပါးနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားရှင်သည် အလောင်းတော်ဘဝတွင် ပစ္စေကဗုဒ္ဓါအား အထင်ဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆို မိခဲ့သည့် ကံသတ္တိအကုသိုလ် ဝဋ်ကြွေးအား တစ်ဖန်ပြန်လည် ပေးဆပ်ရခြင်း ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်ပိုင်ရှင် ဘုရားရှင်အဖြစ်သို့ ရောက်ရှိနိုင်ရေး အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပါရမီ ဖြည့်ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားလောင်းတော်ဘဝ ပါရမီဖြည့်ကျင့်စဉ်အတွင်း မိမိ၏ ဥစ္စာ၊ ပြည်ရွာ အိုးအိမ်စည်းစိမ်၊ ကိုယ်လက်အင်္ဂါများသာမက ဇနီး၊ သားသမီးကိုပါ တစ်ပါးသူ ပျော်ရွှင်စိတ်ချမ်းသာစေရေးအတွက် ပေးစွန့် လှူဒါန်းခဲ့ပါတယ်။ ဘုရားရှင်အဖြစ်သို့ ရောက်ရှိပါက သတ္တဝါအားလုံးတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာများ ဟောကြား၍ သံသရာမှ လွတ်လမ်းအား အမှန်ပြသနိုင်ရေးအတွက်သာ ရည်စူးအဓိဋ္ဌာန်ပြု၍ ကုသိုလ်ဓာတ်အား အပေးစေတနာဖြင့် ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါတယ်။

 ညအချိန် ကောင်းကင်တစ်ခွင်လုံး၌ ပေါ်လျက်ရှိသော ကြယ်တာရာတို့သည် ရေတွက်၍ မနိုင်လောက်အောင် များပြားသော်လည်း ဘုရားရှင်သည် ပါရမီဖြည့်စဉ်ကာလ တစ်ပါးသူ မျက်စိအမြင်ရရှိရေး မိမိ၏ မျက်စိအား လှူဒါန်းခဲ့သည့် မျက်စိအရေအတွက်သည် ကောင်းကင်ရှိ ကြယ်တာရာတို့ထက် များပါတယ်လို့ ဘုရားရှင်က ဟောကြားဆုံးမခဲ့ပါတယ်။ ကုသိုလ်ဓာတ်ဖြည့်ကျင့်မှု၌ အမြင့်မားဆုံး ဖြည့်ကျင့်ခဲ့သော်လည်း ပါရမီနုစဉ်ဘဝ၌ ပစ္စေကဗုဒ္ဓါအား ပြစ်မှားမိခြင်း
ကံသတ္တိအကုသိုလ်သည် နောက်ဆုံးဘဝအထိ ဝဋ်ကြွေးအား ပေးဆပ်ခဲ့ရပါတယ်။ ဘုရားလောင်းတော် နုစဉ်ဘဝ မုလိနာဖြစ်ခဲ့စဉ်က တွေ့ခဲ့ရသော ပစ္စေကဗုဒ္ဓါသည် သံသရာ၌ ကျင်လည်စဉ်အတွင်း ဆွေမျိုးတော်စပ်၍ ကျေးဇူးအထောက်အပံ့ ရှိခဲ့သူ ဧကန်မလွဲဖြစ်မှာ ဖြစ်သည့်အပြင် လူသားတိုင်းအပေါ် မေတ္တာဓာတ်မပြတ် ထားနိုင်သော အရိယာသူတော်စင်အား ပြစ်မှားမိခဲ့ခြင်း ဖြစ်ပါတယ်။ ကိုယ်ပြုလုပ်ခဲ့သမျှသည် ကိုယ့်ဆီအကုန် ပြန်လာမှာ မလွဲဧကန် ဖြစ်ပါတယ်။ ကျေးဇူးအထောက်အပံ့ ရှိသည့် ရတနာ (၃) ပါး၊ မိဘ (၂) ပါး အပါအဝင်ဖြစ်သည့် ခင်ပွန်းကြီး (၁၀) ပါးအပေါ် ပြစ်မှားခြင်းကင်း၍ မေတ္တာဓာတ်နှင့် အေးချမ်းမှု ပေးနိုင်သောသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်။ ။ (ဤဆောင်းပါးဖြင့် ကျေးဇူးရှင် ပိုင်းလော့ဆရာတော်အား ရှိခိုးဦးတင်ပါ၏)
 ကျော်ကျော်လင်းအောင်
ယဉ်ကျေးမှုဆိုင်ရာ

0 comments:

Post a Comment