GENERAL MANAGEMENT





စီမံခန့်ခွဲမှုလုပ်ငန်း တာဝန်များ

လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)

စီမန်ခန့်ခွဲမှု လုပ်ငန်းတာဝန်များ ထဲက ပထမဆုံး လုပ်ငန်းစဉ်က လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း Planning ဖြစ်ပါတယ်။

Planning ကို မဆွေးနွေးခင် စီမံခန့်ခွဲမှု လုပ်ငန်း တာဝန်များကတော့-

(၁) လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)

(၂) ဖွဲ့စည်းခြင်း (Organizing)

(၃) ညွှန်ကြားခြင်း (Directing))

(၄) ညှိနှိုင်းခြင်း (Coordinating)

(၅) ကွပ်ကဲခြင်း (Controlling)

(၆) ဆုံးဖြတ်မှုပြုခြင်း (Decision Making)

(၇) ပြသာနာဖြေရှင်းခြင်း (Problem Solving)

(၈) ခေါင်းဆောင်မှုပေးခြင်း (Leading) တို့ဖြစ်ပါတယ်။

ဒါကြောင့်  ပေါ့ဒ်ကိုလ် (P2ORD2CO2L)လို့  အတိုကောက် မှတ်လို့ရပါတယ်။

လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း (Planning) ဆိုတာကတော့ စီမံခန့်ခွဲသူ တစ်ယောက် ဆောင်ရွက်ရတဲ့ လုပ်ငန်း အစီအစဉ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း (အစိုးရဌာန၊  ပုဂ္ဂလိကလုပ်ငန်း) သာမက  မိသားစုတွေမှာလည်း လိုအပ်တဲ့ လုပ်ငန်းစဉ်ဘဲ ဖြစ်ပါတယ်။

All change is not progress, all movement is not forward.

“ အပြောင်း အလဲဖြစ်တိုင်း၊ တိုးတက်တာ မဟုတ်သလို လှုပ်ရှားမှုတွေ အားလုံးဟာလည်း ရှေ့ကို ရောက်တာ မဟုတ်ပါဘူး”

အလုပ်တွေကတော့ ပင်ပင်ပန်းပန်း ကြိုးစားပြီး လုပ်တယ်။  ဒါပေမဲ့ အချိန်ကုန်၊ ငွေကုန် ၊လူပင်ပန်းပြီး ဘာမှ ဖြစ်မလာဘူး ဆိုရင် ကိုယ်လုပ်လိုက်တဲ့  အလုပ်အတွက် နဂိုကထဲက  ကြိုတင် မစီစဉ်ထားခဲ့လို့  ဖြစ်နိုင်ခြေ များပါတယ်။

လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)သည်  ကြိုတင်ခန့်မှန်းခြင်း (Fore casting)နဲ့  ဆက်စပ်နေပါတယ်။  ကြိုတင်ခန့်မှန်းခြင်း (Fore casting) ဆိုတာ အနာဂါတ်ကို  ကြိုတင် ရှုမြင်ခြင်းပါ။ လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း (Planning)ဆိုတာ ကြိုတင် ခန့်မှန်းခြင်း အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် Decision Making  ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယုံကြည် ကိုးစားလောက်တဲ့  ခန့်မှန်းခြင်း မရှိဘဲ လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်း   မလုပ်နိုင်ပါဘူး။

ပညာရှင် အချို့တော့ လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းဆိုတာ “ကိုယ်ရောက်နေတဲ့ နေရာနဲ့ေ၇ာက်ချင်တဲ့ နေရာအကြား ကွာဟချက်ကို တံတား ခင်းပေးခြင်း ဖြစ်တယ်” လို့ဆိုပါတယ်။

လုပ်ငန်းတစ်ခု ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်း အစီအစဉ် ရေးဆွဲထားခြင်း (Planning)မရှိရင် ကြိုတင် ရည်မှန်းထားတဲ့ လမ်းကြောင်းကို မရောက်ဘဲ စက်ပျက်နေတဲ့ လမ်းညွှန် ကရိယာမပါလို့  မျောချင်ရာ မျောသွားနိုင်တဲ့ သဘောင်္တစ်စင်းလို ဖြစ်နေမှာပါလို့လဲ ပြောလေ့ရှိပါတယ်။

လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားတာကတော့-

Planning is defined as the activity by which managers analyse present conditions to determine ways of realizing a desirable future condition.

လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းဆိုတာ ပစ္စုပ္ပါန် အခြေအနေကို စိစစ်ပြီး အနာဂါတ်မှာ သင့်လျော် လျောက်ပတ်တဲ့ အခြေအနေတွေကို ဖော်ထုတ်ဖို့ အတွက်  စီစဉ် ဆောင်ရွက်တာ ကိုခေါ်ပါတယ်။

လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ

(၁) အဖွဲ့အစည်း၏ ရည်မှန်ချက်ကို ဖော်ထုတ် သတ်မှတ်ခြင်း Objective

(၂) မူဝါဒများကို ရွေးချယ်သတ်မှတ်ခြင်း Policy

(၃) လုပ်နည်းများကို ရွေးချယ်သတ်မှတ်ခြင်း Method

(၄) နည်းစဉ်များကို သတ်မှတ်ခြင်း Procedure

ရည်မှန်းချက် Objective

“ရည်မှန်းချက် ဆိုသည်မှာ စီမံခန့်ခွဲ၇ာတွင် နယ်ပယ် ပြတ်သားစေ၍ ဦးတည်ရာ ညွှန်ပြသည့် ပန်းတိုင် ဖြစ်ပေသည်”

ရည်မှန်းချက် ချမှတ်ရာတွင် အဖွဲ့အစည်းကြီး၏ အဆင့်မြင့် စီမံခန့်ခွဲမှု အဆင့်မှာ ယေဘူယျကျတဲ့ ရည်မှန်းချက်ကို ချမှတ်ပြီး အောက်ခြေ အဖွဲ့အစည်းအတွက် တိကျတဲ့ ရည်မှန်းချက်ကို ချမှတ်ရပါမယ်။ အောက်ခြေ အဖွဲ့အစည်းတွေဖြစ်တဲ့ လုပ်ငန်းဆိုင်ရာ  စီမံခန့်ခွဲမှုအဆင့် Operation Management အတွက် ရည်မှန်းချက် ချမှတ်တဲ့  အခါ မိမိအဖွဲ့ အစည်းရဲ့ နေရာဒေသ၊ အချိန်ကာလ အခြေနေတို့ ပေါ်မူတည်ပြီး  ချမှတ်မှသာ လုပ်ကိုင် ဆောင်ရွက်တဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အဆင့်မြင့် စီမံခန့်ခွဲမှု အဆင့်က စပြီး အောက်ဆုံးအထိ  အဆင့်တိုင်းကို ရည်မှန်းချက်နဲ့ လုပ်ကိုင် ဆောင်ရွက်ရမယ့်  အလုပ်တွေကို တပြေးညီ ချမှတ် လိုက်နာ  ဆောင်ရွက်စေရန် အခက်အခဲတွေ ရှိနိုင်ပါတယ်။

ရည်မှန်းချက်အမျိုးမျိုး

ရည်မှန်းချက်တွေကတော့-

(၁)ကာလရှည်ရည်မှန်းချက်

(၂)ကာလတိုရည်မှန်းချက်

(၃)အဓိကရည်မှန်းချက်

(၄)အရန်ရည်မှန်းချက် တို့ဖြစ်ပါတယ်။ ကာလတို၊ ကာလရှည်ဆိုတဲ့ ကာလအပိုင်းအခြားကတော့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားနိုင်ပါတယ်။  တစ်ချို့နိုင်ငံက (၁၀)နှစ်ကျော်ရင် ကာလရှည်လို့ သတ်မှတ်ပြီး တစ်ချို့နိုင်ငံကတော့ အနှစ်(၂၀)မှ ကာလရှည်လို့ သတ်မှတ်တာလည်းရှိပါတယ်။

“လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း(Planning)”

ရည်မှန်းချက် အင်္ဂါရပ်များ

၁။ ပြည့်စုံ၍ရှင်းလင်းခြင်း

အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ပြည့်စုံရှင်းလင်းစွာေ၇းသားဖော်ပြပြီး သက်ဆိုင်သည့် ၀န်ထမ်းအားလုံးကို အသိပေးရပါမယ်။

၂။ တည်ငြိမ်ခြင်း

ရည်မှန်းချက်တွေကို ခဏခဏ မပြောင်းလဲသင့်လို့ဆိုပါတယ်။

လူပုဂ္ဂိုလ် တစ်ယောက်ဟာ သူ့ရဲ့ ရည်မှန်းချက်ကို သူကြိုက်သလို ခဏခဏ ပြောင်းရင် လိုက်နာနိုင်ပြိး လူအများပါဝင်တဲ့ အဖွဲ့အစည်း ဆိုင်ရာ ရည်မှန်းချက် ကိုတော့ ခဏခဏ မပြောင်းလဲသင့်ပါဘူး။ စီမံခန့်ခွဲသူရဲ့ ဆန္ဒပြောင်းလဲတာနဲ့ တစ်ပြိုင်းတည်း အဖွဲ့အစည်းရဲ့  ရည်မှန်းချက်ကို ချက်ခြင်း ပြောင်းလဲရင် အဖွဲ့အစည်းအတွက် စနစ်တကျ ပြင်ဆင်မှု ရှိမလားလို့ အခက်အခဲ ဖစ်နိုင်ပါတယ်။

ရုံးချုပ်နဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာန အဖွဲ့အစည်းတွေ ဝေးကွာလွန်းတာကြောင့် အဖွဲ့အစည်း တစ်ခုလုံး အနေနဲ့ အဓိက ရည်မှန်းချက် ပြောင်းတိုင်း လုပ်ငန်း ဆောင်ရွက်ချက်တွေကို တစ်ချိန်တည်းမှာ ပြောင်းလဲဖို့ မလွယ်ကူပါဘူး။ ရည်မှန်းချက်တွေ ခဏခဏပြောင်းရင် အဖွဲ့အစည်းတွေ ဗရမ်းဗတာ ဖြစ်တတ်ရုံမက ၀န်ထမ်းတွေလည်းစိတ်ဓာတ် ကျဆင်းလာပြီး စီမံခန့်ခွဲသူတွေ အပေါ် ယုံကြည်မှု လျော့နည်း လာပါတယ်။

ဒါပေမဲ့ ရည်မှန်းချက်ကို လုံးဝ မပြောင်းလဲရဘူးလို့ မဆိုလိုပါဘူး။ ရည်မှန်းချက် ချမှတ်ခြင်းဆိုင်ရာ အကြောင်းအချက်နှင့် အခြေအနေတွေဟာ  အမြဲတည်တံ့နေတာ မဟုတ်ပါဘူး။ အခြေအနေ ပြောင်းလဲသည့် အားလျော်စွာ ရည်မှန်းချက်ကိုလည်း လိုက်လျောညီထွေ ပြောင်းလဲရပါမယ်။ ပြင်ရပါမယ်။ ပြောင်းလဲဖို့ လိုရင်လည်း ပြောင်းလဲမယ့် အကြောင်းကို သက်ဆိုင်သူတွေကို ကြိုတင် အသိပေး ထားသင့်ပါတယ်။ ရည်မှန်းချက် ပြောင်းလဲရင် မကြာခဏ ပြောင်းလဲဖို့ မလွယ်ကူပေမဲ့ လိုအပ်လို့ ပြောင်းလဲတဲ့အခါ လုပ်ငန်းတည်တည် ငြိမ်ငြိမ်နဲ့ အကျိုးရှိအောင် ပြောင်းလဲနိုင်ပါတယ်။

၃။ရည်မှန်းချက်သည် တည်ဆဲဥပဒေနှင့် မဆန့်ကျင်ဘဲ လူ့ကျင့်ဝတ္တရားနှင့်ကိုက်ညီခြင်း

ဥပဒေက မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို တားမြစ် ထားပါလျက် မူးယစ်ဆေးဝါး ရောင်းဝယ်ရန် ရည်မှန်းချက်ချရင် ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါမယ်။ နှစ်ဦးနှစ်ဘက် သဘောတူညီပြီးသား ကုန်စည် အရည်အသွေးကို မထုတ် လုပ်ပေးဘဲ ညံ့ဖျင်းတဲ့ အရည်အသွေး ရှိတဲ့ကုန်စည်ကို ထုတ်လုပ်ပေး ရင်လည်း ဥပဒေနဲ့ ဆန့်ကျင်သည်သာမက လူ့ကျင့်ဝတ္တရား ချိုးဖောက်ရာလည်း ရောက်ပါတယ်။

မူဝါဒPolicy

မူဝါဒ ဆိုတာကတော့ အုပ်ချုပ်သူတွေ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ  ချမှတ်လိုက်နာတဲ့ ယေဘူယျ လမ်းညွှန်ဖြစ်ပါတယ်။

မူဝါဒအမျိုးမျိုး

၁။ အဓိကမူဝါဒMain Policy

အဖွဲ့အစည်း တစ်ခုလုံး အကျုံးဝင်ပါတယ်။ အဆင့်မြင့် စီမံခန့်ခွဲသူ Top Managerတွေ ချမှတ် အသုံးပြုပါတယ်။

၂။ လုပ်ငန်းဆိုင်ရာမူဝါဒ Functional Policy

ဥပမာ-ကုန်ထုတ်မူဝါဒ၊ ကုန်ရောင်းမူဝါဒ

-ဘဏ္ဍာရေးမူဝါဒ၊ ၀န်ထမ်းရေးရာမူဝါဒ

၃။ အထွေထွေမူဝါဒ General Policy

အဖွဲ့အစည်းရဲ့ ဌာနအားလုံးနှင့်သက်ဆိုင်ပါတယ်။

၎။ ဌာနဆိုင်ရာမူဝါဒ Departmental Policy

ဌာနခွဲတစ်ခုနဲ့သာ သက်ဆိုင်ပါတယ်။

မူဝါဒရဲ့ အင်္ဂါရပ်များ

မူဝါဒရဲ့ အင်္ဂါရပ်တွေကတော့-

(၁) ရှင်းလင်းပြတ်သားပြည့်စုံခြင်း

(၂) ကျယ်ပြန့်ခြင်း

(၃) တရားမျှတ၍ လူ့ကျင့်ဝတ်နှင့် သင့်လျော်ကာလိုက်နာ ကျင့်ဆောင်စေနိုင်ခြင်း

(၄) တာဝန်ခံတွေက အခြားသူတွေကို အလုပ်ခွဲဝေဆောင်ရွက်နိုင်ခွင့်ပေးခြင်း

(၅) ဥပဒေနှင့်မဆန့်ကျင်ခြင်း

မူဝါဒတွေကို ရေးသား မှတ်တမ်းတင် မထားရင် သူနဲ့ပက်သက်တဲ့ ဒွိဟ သံသယတွေ ပေါ်ပေါက်ခြင်း၊ ဆိုလိုချက်ကို အငြင်းပွားခြင်းနဲ့  တခြား ပြသာနာတွေ ပေါ်ပေါက် ရှုပ်ထွေးခြင်း ဖြစ်နိုင်လို့ မူဝါဒကို ရေးသား မှတ်တမ်းတင်ထားခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

လုပ်နည်း (Method)

လုပ်နည်း ဆိုတာကတော့ လုပ်ငန်းတစ်ခုကို  လုပ်ကိုင်တဲ့ နေရာမှာ  ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ အသုံးပြုတဲ့ အင်အားစုတွေ ၊  ကုန်ကျခွင့်ရှိတဲ့ ငွေကြေး၊ အချိန်နဲ့ လုပ်အား စသည်တို့ပေါ် မှီပြီး အလုပ်လုပ်နည်းကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။  လုပ်ဆောင်ချက် အားလုံးအတွက် လုပ်နည်းရှိဖို့ လိုပါတယ်။

လုပ်နည်းကို ယေဘူယျအားဖြင့်၂မျိုးခွဲခြားနိုင်ပါတယ်။

(၁) စီမံခန့်ခွဲမှုဆိုင်ရာ လုပ်နည်း Managerial Method

P2ORD2CO2L ဖြစ်ပါတယ်။

(၂) အတတ်ပညာ ပိုင်းဆိုင်ရာလုပ်နည်း Technical Method  ပညာ ရပ် ကွဲပြားခြားနားနေသည်နှင့်အမျှ လုပ်နည်းများ ကွဲပြားမှာဖြစ်ပါတယ်။

နည်းစဉ် Procedure

နည်းစဉ်ဆိုတာ လုပ်ငန်းတစ်ခု လုပ်ကိုင်တဲ့ နေရာမှာ ဆက်နွယ်လျက်ရှိတဲ့ အလုပ်တွေကို မည်သည့် အစီအစဉ်အရ ပြုလုပ်ရမည် ဟူသော အချက်ကို အချိန်အားဖြင့် ဖြစ်စေ၊ အစဉ်လိုက် အားဖြင့်ဖြစ်စေ၊  သတ်မှတ်ဖော်ပြတဲ့  ညွှန်ကြားချက ဖြစ်ပါတယ်။

လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် သတိပြုရမည့် အချက်များ

လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် အောက်ပါ အချက်တွေကို သတိပြုရပါမယ်။

(က) နိုင်ငံတော် မူဝါဒများနှင့်ကိုက်ညီခြင်း Identification

(ခ) အခြားသော လုပ်ငန်း အစီအစဉ်များနှင့် စပ်ဟပ်မှုရှိခြင်း Integration

(ဂ) ရှေ့နောက်ညီညွှတ်မှုရှိခြင်း Consistency

စီမံမှုပြုခြင်းဟာ မျှော်လင့်ချက် Expectation၊ ကြံရွယ်ချက် intention တို့နဲ့ ကွာခြားမှု ရှိပါတယ်။ မျှော်လင့်ချက်တို့၊ကြံရွယ်ချက်တို့ဆိုတာ အလုပ်သဘော မပါပါဘူး။ လုပ်ငန်း အစီအစဉ် ရေးဆွဲတာကတော့ အလုပ်သဘော ပါပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်နိုင်တဲ့Workability  လုပ်ငန်းစဉ်တွေဘဲ ပါဝင်ပါတယ်။ လုပ်ငန်း ဆောင်ရွက်ဖို့ ညှိနှိုင်း ပြင်ဆင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စာချုပ် ချုပ်ဆိုတာတွေက လုပ်ငန်း အစီအစဉ်  ရေးဆွဲခြင်းရဲ့ လေးနက်မှုကို ဖော်ပြပါတယ်။

လုပ်ငန်း အစီအစဉ် ရေးဆွဲခြင်းအပေါ် သြဇာ သက်ရောက်သော အချက်များ

လုပ်ငန်း အစီအစဉ် ရေးဆွဲရာမှာ အောက်ပါ အကြောင်းအရာတွေပေါ်  မူတည်ပြီး ခြားနားတတ်ပါတယ်။

(က) လုပ်ငန်းရဲ့ သဘောသဘာဝများ

ဥပမာ- ရေခဲထုတ်လုပ်ငန်း နဲ့မီးခြစ်ထုတ်တဲ့ လုပ်ငန်းတို့ရဲ့ ထုတ်ကုန်တွေ မတူတဲ့အတွက် လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲရာမှာ တူညီမှာ မဟုတ်ပါဘူး။

(ခ) စီမံခန့်ခွဲသူ၏ စိတ်ဆန္ဒများ

လုပ်ငန်း တစ်ခု ဆောင်ရွက်ဖြစ်ရန်မှာ ထိပ်ပိုင်းအဆင့် စီမံခန့်ခွဲသူများ၏ ခွင့်ပြုချက်၊ ယင်းတို့၏ သဘောတူညီမှုနဲ့  ဆောင်ရွက်ရလို့ စီမံခန့်ခွဲသူတွေရဲ့ စိတ်ဆန္ဒ စိတ်ဝင်စားမှုပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ် ရေးဆွဲတာ ကောင်းတယ်၊  မကောင်းဘူးဆိုတာ ပေါ်ပေါက်လာပါတယ်။

(ဂ) လုပ်ငန်း၏ အထူးသီးခြား ပြင်ပအခြေအနေများ

လုပ်ငန်းအတွက် လိုအပ်သော ရာသီဥတု၊ ရေမြေသဘာဝ၊ ကုန်ကြမ်း ရရှိရေးမှအစ စီးပွားရေးရာ အခြေနေတို့က စီမံမှုရဲ့ သီးခြားအသွင် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်း သဘာဝခြင်း တူတဲ့တိုင်အောင် အဲဒီအချက်ပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ် ရေးဆွဲရာမှာ ကွဲပြားနိုင်ပါတယ်။

(ဃ) လုပ်ငန်း အစီအစဉ် ရေးဆွဲသော ပုဂ္ဂိုလ်များ၏ အရည်အချင်း

လုပ်ငန်း အစီအစဉ်ရေးဆွဲတဲ့  ပုဂ္ဂိုလ်ရဲ့  ပညာအရည်အချင်း  အတွေ့အကြုံပေါ် မူတည်ပြီး ကွဲပြား ခြားနားနိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်(၄)ချက်ပေါ် မူတည်ပြီး လုပ်ငန်း အစီအစဉ်ေ၇းဆွဲပုံရေးဆွဲနည်း ကွဲပြားနိုင်မယ့် လုပ်ငန်း အစီအစဉ်ေ၇းဆွဲတိုင်း  ပါဝင်ရမယ့်  အလုပ်အဆင့်တွေ ရှိပါသေးတယ်။ အဲဒီ အလုပ်အဆင့်တွေအတွက် သတင်း အချက်အလက် စုဆောင်းရတဲ့ အခါမှာ အောက်ဖော်ပြပါ  မေးခွန်းတွေနဲ့ စုဆောင်းရပါတယ်။

မေးရမယ့် မေးခွန်းတွေကတော့-

- ဘာလုပ်ရန်လိုအပ်သနည်း  What

- ဘာကြောင့်လုပ်ရမည်နည်း  Why

- ဘာမှာလုပ်မည်နည်း  Where

- ဘယ်အချိန်တွင် လုပ်မည်နည်း When

- ဘယ်သူ လုပ်မည်နည်း Who

- ဘယ်လို လုပ်မည်နည်း How စတာတွေဖြစ်ပါတယ်။




0 comments:

Post a Comment