ကုမ္ပဏီ မအောင်မြင်နိုင်ဖွယ် အလားအလာကို ကြိုတင်မှန်းဆနိုင်သည့် နည်းလမ်းများ



စီးပွားရေး လောကမှာ ရှိကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ကုမ္ပဏီ လုပ်ငန်းတွေ အစဉ်တစိုက် ကြီးပွား တိုးတက်နေအောင် နေ့မအား၊ ညမနား ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသ၍ အပတ်တကုတ် ကြိုးစားအားထုတ် လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့  မိမိတို့ကုမ္ပဏီရဲ့ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်တဲ့  အနေအထားတွေကို  ကြိုကြို တင်တင် သတိမမူ မိတာကြောင့် အချို့ ကုမ္ပဏီတွေမှာဟာ ငွေကြေး ကသီလင်တဖြစ်ပြီး လုပ်ငန်း မအောင်မြင်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံရတတ်ပါတယ်။ဒါကြောင့် မိမိတို့ကုမ္ပဏီမှာ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်ဖွယ် အလားအလာတွေ ရှိမရှိကို ကြိုတင်မှန်းဆကြည့်ပြီး သတိမူ-ပြုပြင် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။




Altman ၏ ကြိုတင်ဟောကိန်း အချိုး(၇)မျိုး


ဒီကြိုတင်မှန်းဆနည်းကို အမေရိကန်နိုင်ငံသား ပရော်ဖက်ဆာ Altmanက ၁၉၉၇ ခုနှစ်မှာ ထုတ်ဖော် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအချိုး (၇)မျိုးပါဝင်တဲ့ ဟောကိန်ုး ပုံစံဖြစ်ပါတယ်။ ငွေကြေး ကသီလင်တ ဖြစ်ပြီး လုပ်ငန်း မအောင်မမြင် ဖြစ်နေတဲ့ ကုမ္ပဏီတွေကို မီးမောင်းထိုး ဖော်ပြတဲ့နေရာမှာ ဒီကြိုတင် ဟောကိန်းထုတ်နည်း ပုံစံက အခြေခံအားဖြင့်အသုံးဝင်ပါတယ်။ ပေ၇ာ်ဖက်ဆာ Altman က ကုမ္ပဏီတစ်ခုမှာ  အောက်မှာ ဖော်ပြထားတဲ့အတိုင်း ပုံသေဖော်ပြထားတဲ့အတိုင်း ပုံသေရှိမနေဘဲ အစဉ် ပြောင်းလဲနေတဲ့ အနေအထား (Variables)(၇)မျိုး ရှိတယ်လို့  ဆိုပါတယ်။ ဒါ့အပြင် အဲဒီအနေအထားတွေကို
ယှဉ်တွဲဖော်ပြပါသက်ဆိုင်ရာ  စာရင်းအချိုးတွေနဲ့ ဆန်းစစ်ကြည့်ရှု ကြိုတင် ဟောကိန်း ထုတ်နိုင်တယ်လို့လဲ ဆိုပါတယ်။


၁။ အရွယ်အစား (Size) ကုမ္ပဏီရဲ့ ရပိုင်ခွင့် စုစုပေါင်း (Total assets)နဲ့  တိုင်းတာပါတယ်။


၂။ ငွေဖြစ်လွယ်မှု  (Liquidity) လက်ငန်းအချိုး (Current Ratio)နဲ့ တိုင်းတာပါတယ်။


၃။ ရပိုင်ခွင့်များအပေါ်ပြန်ရနှုန်း (Return on Assets) အတိုးမပေးမီနဲ့ အခွန်မဆောင်မီဝင်ငွေ (Earnings Before Interest and Taxes) ကို ရပိုင်ခွင့် စုစုပေါင်း  (Total Assets)နဲ့  စားတဲ့ နည်းနဲ့ တိုင်းတာပါတယ်။


၎။ ၀င်ငွေတည်ငြိမ်မှု (Stability of Earnings) ၁၀နှစ်ဝန်းကျင် အလားအလာကို ခန့်မှန်းခြေစံ အမှား (Standard Error of Estimate)နဲ့ တိုင်းတာပါတယ်။


၅။ ကြွေးမြီဝန်ဆောင်မှု (Debts Service) အတိုးပမာဏအချိုး  (Interest Coverage Ratio) နဲ့ တိုင်းတာပါတယ်။


၆။ စုစုပေါင်းမြတ်စွန်းမှု (Cumulative Profitability) ချန်ထားအမြတ် (Retained Earning )ကို ရပိုင်ခွင့် စုစုပေါင်းနဲ့  စားတဲ့နည်းနဲ့ တိုင်းတာပါတယ်။


၇။ အရင်းအနှီးထည့်ဝင်မှု (Capitalization)အများပိုင်ဆိုင်ခွင့် (Common Equity) ကို အသုံးပြုမတည်ငွေရင်း စုစုပေါင်း (Total Capital Employed)နဲ့  စားတဲ့နည်းနဲ့ တိုင်းတာပါတယ်။


မအောင်မြင်တဲ့ ကုမ္ပဏီတွေနဲ့ အောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ အကြားမှာရှိတဲ့ ကွဲပြားခြားနားချက်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါမှ  ဒီအပြောင်းအလဲ (၇)မျိုးကို အကောင်းဆုံး ပေါင်းစပ်ကြည့်လို့ ရတယ်လို့ဆိုပါတယ်။ အချိုးတွေအားလုံးကို အတူအကွ ပေါင်းစပ် အသုံးချမယ်ဆိုရင် ငွေကြေး ကသီလင်တဖြစ်ရုံသာမက ကုမ္ပဏီပါ ပျက်စီး ဆုံးရှုံး သွားနိုင်တဲ့ အခြေအနေထိ ဆိုက်ရောက်သွားနိုင်တဲ့  ကုမ္ပဏီမျိုးတွေကိုပါ ထိထိရောက်ရောက် ကြိုတင် ဟောကိန်းထုတ်နိုင်မှာ ဖြစ်တယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။


မအောင်မြင်မှုနဲ့ ပက်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဘယ်လိုပဲ ရှိစေကာမူ၊ ကုမ္ပဏီ မအောင်မြင်မှု ဆိုတာဟာ ကုမ္ပဏီကို ဖျက်သိမ်းရတဲ့အထိ  အကျိုး ဆိုက်ရောက်သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကြွေးတွေ မပေးဆပ်နိုင်တာကို မအောင်မြင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။  တစ်နည်း ပြောရရင် ကုမ္ပဏီဟာ လောလောလတ်လတ် ပေးရန်ရှိတာတွေကို အချိန်စေ့ရောက်တဲ့ အခါမှာ မပေးဆပ်နိုင်ရင် မအောင်မြင်တဲ့  ကုမ္ပဏီဖြစ်ပါတယ်။ ဒီလို မအောင်မြင်တာမျိုးဟာ (Technical Insolvency)ဖြစ်ပါတယ်။ မအောင်မြင်မှု နောက်တစ်မျိုး ကတော့  လူမွဲစာရင်း အသွင်းခံရတာ (Bankruptcy) ဖြစ်ပါတယ်။ ပေးရန်တာဝန် စုစုပေါင်းဟာ
ရပိုင်ခွင့် များရဲ့ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးသတ်မှတ်ချက် (Fair Valuation) ထက်ပိုနေမယ်ဆိုရင် ကုမ္ပဏီဟာ လူမွဲဖြစ်သွားပါတယ်။ တစ်ခြားနည်းနဲ့ပြောရရင် ကုမ္ပဏီမှာ အသားတင်တန်ဖိုး (Net Worth) လုံးဝမရှိ (Negative)တော့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment